မန္တလေးအလွမ်း

Aug 11, 2006

မန္တလေးမှာ ၁၉၉၄-၉၅ ထိ ကျွန်တော် တနှစ်နေခဲ့ဘူးတယ်။ အထက်မြန်မာပြည်ရဲ့ မြို့တော် လည်းဖြစ်၊ လမ်းပန်း ဆက်သွယ်ရေးက လည်းကောင်း၊ လည်စရာ ပတ်စရာ၊ စာသောက်စရာ များပေါတဲ့နေရာဖြစ်တော့ နေခဲ့ရတဲ့ ၁နှစ် တော်တော်ပျော်စရာကောင်းတယ်။ မန္တလေးပတ်ဝန်းကျင် မုံရွာ၊ စစ်ကိုင်း ဘုရားဖူးသွားရတာ လည်းအလွန်အဆင်ပြေပါတယ်။ ၁၀တန်းအောင်ပြီး တက္ကသိုလ်တက် ဖို့စောင့်နေတဲ့အချိန် ဖြစ်တော့ လွတ်လွတ်လပ်လပ် လည်ပတ်လို့ရခဲ့ပါတယ်။ မန္တလေး သင်္ကြန်ကို ၁ခါပဲ ကြုံဖူးခဲ့တယ်။ ပျော်စရာကောင်းပါတယ်။ ရန်ကုန်သင်္ကြန် နဲ့ကွာတာ ကတော့ ကျုံးတပတ် ပတ်ဖို့ကို တနေ့ခင်း ကုန်ပါတယ်။ နောက်ရက်တွေကြ တော့ဆိုင်ကယ် နဲ့ပဲလည်တော့တယ်။ ပိုအဆင်ပြေပါတယ်။ တောင်ပျုံး ဆိုတဲ့နေရာကို လည်းအဖွားများ လိုက်ပို့ရင်း နဲ့တခေါက်ရောက်ဖူးခဲ့တယ်။ လူတွေမှ တသိန်း။ လမ်းကျဉ်းလေးထဲမှာ လူတွေကြိတ် ကြိတ်တိုး တိုးဝေ့နေ ကြတာ ဘာတွေလုပ်နေကြ လည်းတော့မသိပါ။ မနက်စောစော မန္တလေးတောင်ခြေ ဂေါက်ကွင်း မှာဂေါက်ရိုက် ပြီးမန္တလေးတောင်ပေါ်တက်ပြီးနန်းကြီးသုတ်စားရတဲ့ အရသာ ကမမေ့ နိုင်စရာပါ။ ဘော်ဒါအပေါင်းနဲ့လေသေနက်ပစ်ရင်း နန်းမြို့ရိုးကြီးပေါ်ရောက်ရောက် သွားတာမှတ် မိသေး တယ်။ အဲဒီအချိန် တုန်းကနန်းရှေ့မှာ ပန်းခြံကြီးတခုရှိတယ်။ မန္တလေး မှာနေရတာ ခြင်တော့အတော် ကိုက်ပါတယ်။ မဟာမြတ်မုနိဘုရားကြီး မျက်နာတော်သစ်အချိန်ကို အမေနိုးနိုး ခေါ်သွားလို့ အိပ်ချင်မူးတူးနဲ့ ၂ခါ လောက်ရောက်ဖူးတယ်။ ဘုရားအာရုဏ်ဆွမ်းလာကပ် သူတွေကလည်းအများကြီး။ ဘုရားကြီးဈေးတန်း လျှောက်ရတာ အညာဘုရားပွဲဈေးတန်းတွေ လျှောက်ရသလိုပဲ။ အဲလိုနဲ့ ၁နှစ်လောက် ကြာတော့ တက္ကသိုလ်တက်ဖို့ မန္တလေးကထွက်ခဲ့ တယ်။ နောက်ပိုင်းတော့ မန္တလေးမြို့ကြီး ကိုခရီးသွားရင်းနဲ့ သာဖြတ်သွားဖြတ်လာရောက် ဖြစ်တော့တယ်။ မန္တလေးသား ဖြစ်ဖို့လည်း ကံတရား ကမျက်နှာသာမပေးခဲ့ဘူးဗျာ။

0 comments: